Tuesday, March 17, 2015

ငါ့ ဇာတ်ကောင်ကို ဘယ်သူသတ်သွားလဲ (၈)


လရောင်ထဲ ထွေးထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ ၊၊

အသံလေးဟာ ပဲ့တင်သံတွေကို ခေါ်ပြီး ငါ့ရဲ့
မျှော်လင့်နိုင်စွမ်း တွေ ကို ထားသွားပြီ ၊၊

ပန်းကလေးတစ်ပွင့်ရဲ့ နာကျင်မှုတွေဟာ သင်တို့ကို
မွှေး ရ နံ့ အဖြစ် ဖျော်ဖြေနေလိမ့်မယ်၊၊

ဗိမ္ဗာန်မဲ့ နတ်သမီးတွေ နတ်သတ်ကြွေကျလာပြီး
ငါ့ အမြင်အာရုံအနှံ့မှာ ပုပ်အဲ့နံစော်နေတယ် ၊၊

အမှောင်ထဲမှာ အမှောင်ဟာ ပို ပို မှောင်လာတယ်၊၊

ငါ အန် ချ လိုက်တယ် ၊၊ နဲ့ တပြိုင်နက် ငါ့အန်ဖက်တွေထဲ
ငါ ခုန် ချ တယ် ၊၊

ငို တယ် ၊၊ အဲ့ ဒါ ငါ့ မူ ရင်း ပဲ ၊၊

ငါ ကြား လို့တော့ မဟုတ်ခဲ့ဘူး ၊၊ ရေဒီယိုဟာ အပြင်ဖက်မှာ နှင်းတွေ
ကျနေလိမ့်မယ် ဆိုပြီး လွှင့်နေလိမ့်မယ် ၊၊

အဲ့ ဒီ အရာဟာ ကြုံဖူးတာထက် ပိုမို ခြောက်ကပ်နေလိမ့်ဦးမှာပဲ၊၊

ငါ ရယ်တယ် ၊၊ ငါ့ရယ် သံ ဟာ အသံကလေးနဲ့ သူ့ ပဲ့တင်သံတွေနောက်
ထွက် ပြေးလိုက် သွားတယ် ၊၊
အဲ့ဒါကိုပဲ  ငါ ရယ် တယ် ၊၊ အဲ့ဒါကတော့ ငါ့မိတ္တူပဲ ၊၊

လျှပ်စီးတွေဟာ အမှောင်ရောင်ကြီးလက်နေတာ
ငါ အမှောင်ထဲကနေ မြင်တယ် ၊၊

တခြားပန်းကလေးတစ်ပွင့်ရဲ့ နာကျင်မှုတွေဟာ
စူးစူးဝါးဝါး ပေါက်ကွဲသံကြီးအဖြစ်နဲ့ ငါ့ကို ခြောက်လှန့်တယ် ၊၊
ထုံးစံအတိုင်း ငါ မကြားရဘူး ၊၊

အိပ်မက်ဆိုး က လန့်နိုးတော့ ငါ တည်ရှိနေတဲ့ ကာလဆိုးကြီး ၊၊

ငါ အိပ်မက်ဆိုးထဲမှာပဲ နေ တယ် ၊၊ ငါ အိပ်နေတယ် ၊၊

ငါ့ ရှေ့မှာ ပင်လယ်ရှိခဲ့ပြီး ပင်လယ်ထဲမှာ ငါချစ်ရတဲ့ အကောင်အထည်တစ်ခုဆီက
ကျွတ်ကျခဲ့တဲ့ စေ့စပ်လက်စွပ်တစ်ကွင်းရှိခဲ့ပြီး စေ့စပ်လက်စွပ်ထဲမှာ
“ပင်လယ်ကို တစ်ယောက်တစ်ဝက်ငေးမယ်” ဆိုတဲ့ ကတိစကားရှိခဲ့ပြီး
ကတိစကားထဲမှာ အသံကလေးရှိခဲ့ပြီး အသံကလေးထဲမှာ ငါ့နားတွေ ရှိခဲ့ဖူးပြီး
ခု လောလောဆယ် စိတ်ဆိုးပြီး ကန်ပေါင်ပေါ်သွားပြီး ကန်ပေါင်နဲ့အပြည့်
တံတွေးတွေ ထိုင်ထွေးနေလိုက်တယ် ၊၊
ကောင်းကင်မှာ ကြယ် အပုပ်အသိုးတွေ ကြွေကျနေတယ်၊၊

ဘာ ထူး လဲ ကလေးရယ် ၊၊ မျက်စိမှိတ်ထားတော့လည်း
ဝမ်းနည်းစရာတွေဟာ အသံလုပ်ပြီး မြည်နေတော့တာပါပဲ ၊၊

ငါ မ ကြား ရ ပြန် ဘူး ၊၊

အပြင်ဖက်က နှင်းတွေဟာ အမှောင်ထဲမှာ ပျော် နေ ပြီ လား ၊၊

အိပ်မက်ဆိုးတွေဟာ ပုစွန်တောင်ဆီ ငါ့ကို ခေါ်သွားပြီး အဲ့ဒီမှာ
ငါ့ကို လှန့်နှိုးပစ်ခဲ့တယ် ၊၊ ကာလဆိုးကြီးပဲ ၊၊

အကောင်အထည်တစ်ခု ဟာ ငါ့ အရေပြားတွေကို ဖောက်ထွက်လာပြီး
မျက်နှာကျက်မှာ ကြိုးဆွဲချသေဆုံးပြီးတော့ ငါ့အနံ့ခံအာရုံထဲမှာ ထပ် မံ
ပုပ်ပွနေတယ်၊၊

ပန်းကလေးတစ်ပွင့်ရဲ့ နာကျင်မှုတွေကို ငါ နမ်းတယ်၊၊ ပြီးတော့
ငါ အန် ချ လိုက်တယ်၊၊

ငါ့ မူရင်း ရော ၊ ငါ့ မိတ္တူရောဟာ ကြုံဖူးတာထက် ပိုမို ခြောက်ကပ်နေတယ်၊၊

အ သံ လေး ရေ ၊ နားထဲမှာပဲ နေပေးပါ ၊၊
အိပ်မက်ကင်ဆာ၊
လမ်းခွဲလက်စွပ် ၊
ထပ်ဆင့်အကယ်ဒမီ နှလုံးရောဂါ ၊
လရောင်ထဲ ထွေးထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့၊
အရေပြားပေါ် လိင်ပိုင်းလာစော်ကားနေတဲ့ အဖျားငွေ့ ၊
အပြင်ကို လှမ်းငေးတော့
အပြင်မှာ နှင်းအပုပ်အသိုးတွေ၊၊
အပြင်မှာ လေပြေအပုပ်အသိုးတွေ၊၊
အပြင်မှာ လရောင်အပုပ်အသိုးတွေ၊၊
“အပြင်မှာ တို့ဘဝတွေဝေးရရင်ဝေးပေါ့ အချစ်လေး” ဆိုတဲ့ သီချင်းစာသား
အ သံ လေး ရေ ၊ သိပ် စိတ် နာ တယ် ၊၊
နံရံ ကို လက်သီးနဲ့ထိုးတယ်၊၊
ဆောင့်ကန်တယ်၊၊
ဒူးနဲ့တိုက်တယ်၊၊
ပုခုံးနဲ့ပြေးတိုက်တယ်၊၊
တံတောင်နဲ့တွတ်တယ်၊၊
လက်အုပ်ချီတယ် ၊၊
ဒူးထောက်တောင်းပန်တယ်၊၊
သိပ် စိတ် နာ တယ် ၊၊ အနားမှာပဲ နေပေးပါ၊၊
သိပ်စိတ်နာတယ် ၊၊ နားထဲမှာပဲ နေပေးပါ ၊၊ အသံလေးရေ ။

အိပ်မက်ဆိုးတွေဟာ ထပ်ဖန်တလဲလဲနဲ့
မကြုံဖူးတဲ့ ငြီးငွေ့ ခြောက်ကပ်မှုတွေဆီပဲ
ခေါ်ဆောင်နေတော့ တယ် ၊၊
ငါ အိပ် နေ တယ် ၊၊ ၊၊ ၊၊

ဇာတိ
12.3.2015
#Gloomy Sunday သီချင်းနားထောင်ပြီးရေးခဲ့ ၊၊ ၊၊